အချိန်ကား ရခိုင်တို့ ထီးကျိုးစည်ပေါက် နန်းမပျောက်မှီကာလ (၁၇၈၄)ခု မတိုင်မီ နှစ်ပေါင်း ၁၀၀ ကျော် အချိန်ကဖြစ်သည်။
ရခိုင်ပြည်၏ နိုင်ငံရေး၊ ပြည်ထဲရေး အထူးသဖြင့် နန်းတွင်းအရေးအခင်းများသည် မငြိမ်မသက်နှင့် အရှုပ်အထွေး ဖြစ်နေသောကာလ ဖြစ်သည်။ ရခိုင် ရာဇပလ္လင်ကို အပိုင်အုပ်စိုးရန် ရခိုင်အမျိုးသားအချင်းချင်း သူတစ်လူ ငါတစ်မျိုးဖြင့် နည်းမျိုးစုံဖြင့် ကြိုးပမ်းနေကြသည်။ ရခိုင်အမျိုးသားအချင်းချင်းကြားတွင် စည်းလုံးညီညွတ်ရေးမှာ အဖတ်ဆယ်မရအောင် ပြိုကွဲလျှက်ရှိနေပေသည်။ မြောက်ဦးမြို့တော်ကို အမိန့်ကို မနာခံသော မြို့စား နယ်စား များသည် သူတလူ ကိုယ်တမင်း ဖြင့် တိုင်းပြည်ကို အုပ်ချုပ်လျှက် ရှိကြသည်။
ထိုအချိန်တွင် ရခိုင်ခေါင်းဆောင်တချို့သည် မိမိနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံဖြစ်သော ဗမာပဒေသရာဇ် ရှင်ဘုရင်ထံ သွားရောက်၍ ရခိုင်ပြည်တွင်းအရေးအား ငြိမ်ဝပ်ပေးရန်အတွက် အကူအညီသွားရောက် တောင်းဆို ခဲ့ပေသည်။ ထို့ကြောင့် ဗမာ ပဒေသရာဇ်ရှင်ဘုရင် ဘိုးတောင်မောင်ဝိုင်းသည် သက္ကရာဇ် ၁၇၈၄ ခုနှစ်တွင် ရခိုင်ပြည်အား ကျူးကျော်ဝင်ရောက်ပြီး နန်းရိပ် ထီးဖြူကို အလွယ်တကူ သိမ်းပိုက်ရယူနိုင်ခဲ့သည်။ ၎င်းနောက် ပိုင်း ရခိုင်တစ်မျိုးသားလုံးမှာ သူ့ကျွန်ဘ၀သို့ လူလုံးမလှ ကျရောက်ခဲ့ကြရပေသည်။
ဗမာနယ်ချဲ့များသည် ရခိုင်ထီးနန်းတွင် စံမြန်းရုံတင်မကသေးပဲ ရခိုင်ပြည်သူပြည်သားများ အပေါ်တွင် “ကျူပင်ခုတ် ကျူငုတ်မကျန် အောင်” နည်းပရိယာယ်အသွယ်သွယ်ဖြင့် နှိပ်စက်ပြီး သတ်ဖြတ်ခဲ့ကြပေသည်။ ယင်းကို မခံမရပ်နိုင်ခဲ့ကြသော ရခိုင်ပြည်သူပြည်သားအပေါင်းတို့သည် ရခိုင်ပြည်ထဲတွင် သူ့ကျွန်မခံ ဇာတိမာန်အပြည့်အ၀ဖြင့် မျိုးမာန် မချကြပဲ အုပ်ချုပ်သူများအား တော်လှန်လာကြသည်။ အစဦးပိုင်း၌ ဗမာအုပ်ချုပ်သူများ၏ ညှင်းပမ်းနှိပ်စက်မှု ဒဏ်ကို မခံနိုင်၍ တော်လှန်ခဲ့ကြရာမှ နောက်ပိုင်းတွင် အမျိုးသား လွတ်မြောက်ရေးနှင့် ဗမာနယ်ချဲ့ဆန့်ကျင် တော်လှန်ရေးအသွင်သို့ ကူးပြောင်းလာခဲ့ကြပေသည်။ ရခိုင်မျိုးချစ် တော်လှန်ရေးသမားများသည် ၁၇၉၁ ခုနှစ် တွင် ဗမာနယ်ချဲ့အစိုးရအား ရခိုင်ပြည်ထဲမှ အပြီးအပိုင် တိုက်ခိုက် မောင်းထုတ်ပြီး ရခိုင်မင်းသွေးမင်းနွယ် တစ်ဦးဖြစ်သူ “၀မ်မိုး”ဆိုသူ ရခိုင်ခေါင်းဆောင်တစ်ဦးအား ထီးနန်းတင် ဘုရင်မြှောက်ရန် အစီအစဉ်ဖြင့် တော်လှန်ရေး စတင်လုပ်ခဲ့ကြသည်။ သို့သော်လည်း တော်လှန်ရေးမှာ အင်အားချင်း မမျှ၍ အောင်မြင်မှုမရဘဲ ရှုံးနိမ့်ခဲ့ရပေသည်။
၁၇၉၆ ခုနှစ်တွင် ဗမာနယ်ချဲ့အစိုးရသည် အရှေ့ဖျား ယိုးဒယား (Thailand) တိုင်းပြည်ကို ကျူးကျော်နယ်ချဲ့ရန် အတွက် ရခိုင်ပြည်တွင်းမှ ရခိုင်စစ်သည် ရဲမက်များကို ရာဇသံချ၍ အားနှင့်ခေါ်ဆောင်ရန် ကြိုးစားလာကြသည်။ ယင်းကို မကျေနပ်၍ ရခိုင်ခေါင်းဆောင်တစ်ဦးဖြစ်သူ “အေးမိုးလောင်း” ခေါင်းဆောင်ပြီး ဒုတိယအကြိမ် ဗမာ အုပ်ချုပ်သူများအား တော်လှန် တိုက်ပွဲဝင်ခဲ့သည်။ အေးမိုးလောင်း၏ တော်လှန်ရေးသည် ယင်းအချိန်တွင် အရှေ့ဘင်္ဂလာပြည်အား အုပ်စိုးနေသော အင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီအစိုးရ၏ သစ္စာဖေါက်မှုကြောင့် အောင်မြင်မှုမရရှိခဲ့သည့်အပြင် အေးမိုးလောင်းမှာ ဗမာနယ်ချဲ့အစိုးရထံ အပ်နှံခြင်းခံရပြီး နောက်ဆုံးတွင် ကွပ်မျက် သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
၁၈၁၁ ခုနှစ်တွင် ရခိုင်မျိုးချစ်ခေါင်းဆောင်ကြီး ဗိုလ်ချင်းပျံသည် သူ့ကျွန်မခံ ဇာတိမာန်အပြည့်အ၀ဖြင့် တိုက်ပွဲဝင် တော်လှန်ရေးတစ်ရပ်ကို တဖန် စတင်လာပြန်သည်။ ယင်းတော်လှန်ရေးသည် အင်အား အရှိဆုံး၊ စည်းလုံးညီညွတ်မှု အရှိဆုံးနှင့် ကာလ အရှည်ကြာဆုံးသော တော်လှန်ရေး တစ်ခုဖြစ်ခဲ့သည်။
ရခိုင်ပြည်၏ ကြယ်နီတစ်ပွင့်ဖြစ်သည့် အာဇာနည် ဗိုလ်ချင်းပျံသည် အဖရခိုင်ပြည်ကြီး၏ နယ်နိမိတ်ကို ပြန်လည် သိမ်းယူရန်အတွက် ရခိုင်တစ်မျိုးသားလုံးပါဝင်သော တော်လှန်ရေးတစ်ရပ်ကို ဆင်နွဲရန် စတင်ကြိုးပမ်းခဲ့သည်။
ထိုအချိန်က အာဇာနည် ဗိုလ်ချင်းပျံ၏ ဖခင် “ငသံဒေ”သည် ဗမာနယ်ချဲ့ ကျူးကျော်အုပ်ချုပ်ထားသည့် ရခိုင်ပြည်တွင် နယ်စား တစ်ဦး ဖြစ်သည်။ ဗမာနယ်ချဲ့များသည် ယိုးဒယားနိုင်ငံ (Thailand) ကို ကျူးကျော် သိမ်းပိုက် စစ်တိုက်ရန် အတွက် ရခိုင်စစ်သည် ရဲမက်အမြောက်အများကို ငသံဒေထံမှ ဗမာဘုရင်က ရာဇသံချ၍ တောင်းခဲ့ပေသည်။ ငသံဒေက လုံးဝသဘောမတူဘဲ ဖီဆန်ငြင်းဆိုခဲ့သောကြောင့် ဗမာပဒေသရာဇ် အစိုးရသည် မကျေမနပ်ဖြစ်ကာ လက်တုံ့ပြန်သည့်အနေဖြင့် ဗမာပြည် အမရပူရတွင် ရှိနေသည့် ငသံဒေ၏ သားငယ်ကို ရက်ရက်စက်စက် သတ်ပစ်လိုက်ကြသည်။ ယင်းသားငယ်၏ ဇနီးမယား အပါအ၀င် အခြွေအရံ များအား အဓမ္မမုဒိမ်းပြုကျင့်ကာ နောက်လိုက်နောက်ပါ အပေါင်းအပါများကိုလည်း ရက်ရက်စက်စက် နှိပ်စက် သတ်ဖြတ် ပစ်ခဲ့ကြပေသည်။ ယင်းအပြင် ကျန်ရှိနေသူ ငသံဒေ၏ နောက်လိုက်နောက်ပါ ငယ်သားများကိုလည်း နည်းမျိုးစုံနှင့် ကမ်းကုန်အောင် နှိပ်စက်ခဲ့ပေသည်။ ယင်းကြောင့် ငသံဒေသည် သားချင်းပျံ အပါအ၀င် နောက် လိုက်နောက်ပါများနှင့် အတူ အရှေ့အိန္ဒိယကုမ္ပဏီအစိုးရပိုင် (ယခုဘင်္ဂလာဒေ့ခ်ျနိုင်ငံ) စစ်တကောင်း နယ်တွင် ရှိသော ဟာရ်ဘင်းသို့ ထွက်ပြေး တိမ်းရှောင်ပြီး ခြေကုတ် နေရာယူခဲ့သည်။
၁၈၁၁ ခုနှစ်တွင် ဗိုလ်ချင်းပျံ ဦးစီး ခေါင်းဆောင်သည့် တော်လှန်ရေးတပ်သည် မိမိဘခင် ငသံဒေ အုပ်ချုပ်ခဲ့သော နယ်ပယ်များကို ပြန်လည် တိုက်ခိုက် သိမ်းပိုက် ရယူနိုင်ခဲ့ပေသည်။ ရခိုင်ပြည်အား ကိုလိုနီ ပြုကျင့်နေသည့် ဗမာနယ်ချဲ့ အစိုးရသည် အင်္ဂလိပ်အစိုးရအား “ချင်းပျံဆိုသည့် ရခိုင်သူပုန် တစ်ဦးသည် အရှေ့အိန္ဒိယ ကုမ္ပဏီ အစိုးရပိုင် နယ်မြေထဲတွင် ခိုလှုံပြီး ဗမာ အစိုးရအား တော်လှန်တိုက်ခိုက် ထကြွပုန်ကန် ဆူပူလျှက်ရှိနေ ကြောင်း” စွဲချက်တင်ပြောဆိုခဲ့သည်။ ယင်းအချိန်တွင် စစ်တကောင်း တာဝန်ခံ Magistrate P.W ပိရှ်လ်သည် “ ချင်းပျံ အနေဖြင့် မိမိတို့ပိုင် နယ်မြေထဲတွင် ခိုလှုံပြီး ဗမာအစိုးရအား တော်လှန် နေပါက အင်္ဂလိပ်အစိုးရနှင့် ဗမာအစိုးရ တို့အကြား ပဋိပက္ခ ဖြစ်လာစရာ အခြေအနေ ရှိနေကြောင်းနှင့် ချင်းပျံကို အရှေ့အိန္ဒိယ ကုမ္ပဏီပိုင် နယ်မြေထဲ တွင် မထားဖို့” အကြောင်းကို အထက် သက်ဆိုင်ရာသို့ တင်ပြခဲ့သည်။ ထိုသို့ အင်္ဂလိပ် အရာရှိများမှ ချင်းပျံ တော်လှန်ရေးကြောင့် ဗမာအစိုးရနှင့် ပြဿနာ ဖြစ်မည်ကို မလိုလား၍ အထက်သို့ တင်ပြနေချိန်တွင် ဗမာအစိုးရ အနေဖြင့် ချင်းပျံတော်လှန်ရေးအား အင်္ဂလိပ်မှ အထောက် အကူများ ပေးနေကြောင်း ထပ်တလဲလဲ စွဲချက်တင် စွပ်စွဲ လျှက်ရှိနေခဲ့သည်။
ဗိုလ်ချင်းပျံသည် သူ၏ တော်လှန်ရေး ခရီးစဉ်တွင် ဗမာနယ်ချဲ့အစိုးရနှင့် လက်နက်အင်အားမမျှ သည့်အတွက် ဗြိတိသျှ အရှေ့ အိန္ဒိယ ကုမ္ပဏီ အစိုးရထံတွင် စစ်ရေးအရ အကူအညီ တောင်းခံခဲ့သည်။ သို့သော် လည်း ဗိုလ်ချင်းပျံတောင်းဆိုချက်များအပေါ် (Governor General Lordmimto) က ပယ်ချ ခဲ့ပါသည်။
ဗိုလ်ချင်းပျံတော်လှန်ရေးသည် တိုးတက်အောင်မြင်သည်ဟု ထင်ရသော်လည်း မြောက်ဦးမြို့တော်ကို သိမ်းပိုက် ရန်မှာကား အခက်အခဲများနှင့် တွေ့နေရသည်။ အဘယ်ကြောင့်ဆိုသော် မျှော်လင့်ချက်က ကြီးမားပြီး စစ်အင်အား နည်းပါးနေ၍ ဖြစ်သည်။
၁၈၁၁ ခုနှစ်ဇွန်လအလယ်လောက်တွင် မြောက်ဦးမြို့တော်မှလွဲ၍ ကျန်နယ်ပယ်များကို ဗိုလ်ချင်းပျံသည် ပြန် လည် သိမ်းပိုက်ခဲ့သည်။ မိုးတွင်းကာလ ရာသီဥတုအခြေအနေဆိုးရွားမှုကြောင့် ချင်းပျံ၏ စစ်ဆင်ရေး ခရီးမှာ ထင်သလောက် ခရီးမပေါက် ဖြစ်နေသည်။ ယင်းကြားထဲမှာပင် ဗိုလ်ချင်းပျံသည် မြောက်ဦးမြို့တော်ကို သိမ်းပိုက်ရန် အတန်တန်ကြိုးစားနေသည်။ စစ်ရေးအရ၎င်း၊ ရုပ်ဝတ္ထု အခြေအနေအရ၎င်း၊ အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရထံမှ အကူအညီပင် မရငြားသော်လည်း အကူအညီရသည်ဟု နည်းဗျူဟာတစ်ရပ်ကို ကျင့်သုံး ကြွေးကြော်ပြီး ဗမာနယ်ချဲ့အစိုးရအား စိတ်ဓါတ် စစ်ဆင်ရေးနှင့် တိုက်ပွဲဝင်ခဲ့သည်။
မိမိတပ်သားများကို အင်္ဂလိပ်စစ်သားများ ၀တ်ဆင်သော အနီရောင်ဝတ်စုံ (Red Uniform) များကို ၀တ်ဆင် စေပြီး အင်္ဂလိပ်များ ဆောင်းသော ဦးထုပ်များကို ဆောင်းစေခဲ့သည်။ ယင်းအပြင် ဗမာ စစ်သားများ မြင်နိုင်သော နေရာများမှ စစ်ရေး ချီတက်မူများကို ပြုလုပ်ခဲ့သည်။ ယင်းကဲ့သို့ စစ်ရေးနည်း ပရိယာယ်များကို သုံးခဲ့သဖြင့် ဗမာ နယ်ချဲ့ စစ်တပ်သည် ချင်းပျံတော်လှန်ရေးအား ဗြိတိသျှ တို့မှ အကူအညီပေးနေသည်ဟု တထစ်ချ ယုံကြည်ခဲ့သည်။ ၎င်းပြင် ဗိုလ်ချင်းပျံသည် အင်္ဂလိပ် အစိုးရထံတွင် အလုပ်လုပ်ကိုင်နေကြသည့် ရခိုင် အမျိုးသားများနှင့် အင်္ဂလိပ်လူမျိုး မဟုတ်သော အခြား တိုင်းရင်းသားများကို ကြိုတင်လစာ ထုတ်ပေးပြီး မိမိတို့တော်လှန်ရေးတွင် ပါလာအောင် သိမ်းသွင်းခဲ့သည်။
ထိုကဲ့သို့ လူပ်ရှား ဆောင်ရွက်မူများကို သိရှိသွားသော ကုမ္ပဏီအစိုးရသည် ဗိုလ်ချင်းပျံ၏လှုပ်ရှားမှုကို ပိတ်ပင်ရန်အတွက် မိမိပိုင်နယ်မြေအထဲမှ လူများကို ရခိုင်ပြည် ထဲသို့ မ၀င်ရဟု အပြင်းအထန် တားမြစ် ခဲ့သည်။ သို့သော်လည်း ထိရောက်စွာ ပိတ်ပင်တားဆီးနိုင် ခြင်းမရှိခဲ့ ပေ။ ချင်းပျံသည် မြောက်ဦးမြို့တော်ကို လေးဘက်လေးတန် ၀ိုင်းညှပ်ပြီးလျှင် ဗမာနယ်ချဲ့အစိုးရကို လက်နက် ချခိုင်းသည်။ မကြာမှီမှာ မြောက်ဦးမြို့တော်ကို ချင်းပျံတို့ တိုက်ခိုက်သိမ်းယူ အောင်ပွဲဆင်နိုင်ခဲ့သည်။ ဗိုလ်ချင်း ပျံအနေဖြင့် ဖမ်းဆီး ရမိပြီးဖြစ်သော ဗမာနယ်ချဲ့စစ်သားများကို စစ်သုံးပန်းအဖြစ် ထားသော်လည်း ရဲဘော်ရဲ ဘက်များကမူ လက်စားချေလိုစိတ် လွန်ကဲ ပြင်းပြနေကြသည့် အတွက် ဗမာစစ်သားများကို သတ်ဖြတ် လက်စား ချေခဲ့ကြသည်။ ယင်းအပြင် ဗမာအလိုတော်ရိ၊ ရခိုင်တိုင်းရင်းသား လက်ကိုင်တုတ်များကိုပါ ကွပ်မျက် ခဲ့ကြသည်။ ယင်းသို့လုပ်ခြင်းဖြင့် ဗမာအလိုတော်ရိ လက်ကိုင်တုတ်များ၏ဆွေမျိုးများက ချင်းပျံတော်လှန်ရေး အပေါ် မခံမရပ်နိုင်ဖြစ်လာကြသည်။ ယင်းကိုအခြေခံ၍ ကုမ္ပဏီအစိုးရသည် ချင်းပျံ၏တော်လှန်ရေး၌ ရခိုင် တစ်မျိုးသားလုံးက ထောက်ခံနေသည်ဟု ထင်ရသော်လည်း အားလုံးသော ပြည်သူတစ်ရပ်လုံး၏ ထောက်ခံမှု မရရှိခဲ့ကြောင်းကို သက်သေပြရန် အခွင့်အခါကောင်းတစ်ရပ် ရသွားခဲ့သည်။ မည်သို့ပင် ဖြစ်စေ ဗိုလ်ချင်းပျံ သည် ရခိုင်ပြည်ကို ကယ်တင်ရန်သော်၎င်း၊ ရခိုင်ပြည်လွတ်လပ်ရေးကို ရရှိရန်အတွက်သော်၎င်း အဖက်ဖက်မှ အသက်ကိုစွန့်၍ တော်လှန်ခဲ့သော တော်လှန်ရေးခေါင်းဆောင် အာဇာနည်ကောင်း တစ်ယောက်ဖြစ်သည်ဟု အရှေ့အိန္ဒိယကုမ္ပဏီအစိုးရ၏ စာရွက်စာတမ်းများတွင် သုံးသပ်ထားသည်ကို လေ့လာတွေ့ရှိရသည်။
ချင်းပျံတော်လှန်ရေး အောင်မြင်မှုများကို ဗမာနယ်ချဲ့အစိုးရသည် မချိခံပြင်းဖြစ်လေလေ၊ အရှေ့အိန္ဒိယကုမဏီ အစိုးရအပေါ်တွင်ရှိသော သံသယများသည်လည်း ပိုမိုများပြားလာလေလေ ဖြစ်သည်ကို သိသာထင်ရှားစွာ တွေ့မြင်လာရသည်။ ယင်းသံသယ ပိုကဲခြင်းကို သိသာရခြင်းမှာ----
ဗမာပြည်ပိုင်နက် နယ်မြေထဲတွင်ရှိသော အရှေ့အိန္ဒိယ ကုမ္ပဏီအစိုးရပိုင် ကုန်တင်သင်္ဘောသုံးစီးဖြစ်သော “အပ်ဒမီးရာဒူရီ၊ ချာဟောအာလောင်၊ အီလီမန်” တို့ကို ဗမာပိုင်နက် နယ်မြေထဲမှ ထွက်ခွာခြင်း လုံးဝ မပြုတော့ဘဲ တားဆီးထားခြင်းပင် ဖြစ်သည်။ ယင်းသို့ လွန်ကျွံအောင်ပြုလုပ်ပြီးခါမှ ပဲခူးတွင်ရှိသောဗမာ စစ်ဗိုလ်တစ်ဦးက ဗမာအစိုးရအနေဖြင့် သင်္ဘောသုံးစီးကို ၁၂ ပတ် ဆိုင်းငံ့ထားခြင်းသည် ရေတပ်တွင် လုံခြုံမှု မရှိသဖြင့် လုံခြုံရေးအရသာလျှင် ထိန်း သိမ်းထားခြင်းဖြစ်သည်ဟု သင်္ဘောသုံးစီးကို ပြန်လွှတ်ပြီးမှ အကြောင်းပြ အဖြေပေးခဲ့သည်။
ယင်းအပြင် အရှေ့အိန္ဒိယ ကုမ္ပဏီစီးပွားရေး၏ လုပ်ငန်းရှင်ကိုယ်စားလှယ်များ၏ စီးပွားရေး ယန္တရားများကို ဖျက်ဆီး ပစ်ခဲ့ပါသည်။ အရှေ့အိန္ဒိယ ကုမ္ပဏီအစိုးရသည် မိမိတို့အပေါ် ဗမာအစိုးရ၏ သံသယမြင်မှုကို ဖြေရှင်း ရန်အတွက်သော်၎င်း၊ ကုမ္ပဏီကိုယ်စားလှယ်များ၏ စီးပွားရေး ပြန်လည် ရှင်သန်နိုင်ရေး အတွက်သော်၎င်း၊ Lordmimto သည် Captain Conning ခေါင်းဆောင်သော ကော်မရှင် အဖွဲ့တစ်ဖွဲ့ကို ဗမာပြည်သို့ စေလွှတ် လိုက်ရသည်။ ယင်းကော်မရှင် အဖွဲ့ကို စေလွှတ်လိုက်ခြင်း၏အဓိက ဇစ်မြစ်မှာ အရှေ့အိန္ဒိယ ကုမ္ပဏီ အစိုးရ အနေဖြင့် ချင်းပျံတော်လှန်ရေး အပေါ် လုံးဝ အကူအညီ မပေးကြောင်းနှင့် အရှေ့အိန္ဒိယ ကုမ္ပဏီ အစိုးရနှင့် ဗမာ အစိုးရတို့၏အကြားတွင် ဖြစ်ပေါ်နေသော ပဋိပက္ခများ၊ သံသယများကို ဖြေရှင်းရန် အတွက် ဖြစ်သည်။ သို့သော် လည်း ကော်မရှင်ခေါင်းဆောင် Captain Conning သည် အရှေ့ အိန္ဒိယကုမ္ပဏီ အစိုးရအနေဖြင့် ချင်းပျံတော် လှန်ရေးတွင် အကူအညီပေးနေသည်ဆိုသော ဗမာအစိုးရ၏ သံသယကို ပြေပျောက်အောင် မဖြေရှင်းနိုင်ခဲ့ပေ။ ဗမာအစိုးရအနေဖြင့် အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရအပေါ် သံသယဖြစ်ရခြင်း အကြောင်းရင်းများမှာ -----
(က) ဗိုလ်ချင်းပျံ၏ နောက်လိုက်နောက်ပါ အများစုသည် ဟာရ်ဘင်းသားများ ဖြစ်နေကြခြင်း၊
(ခ) ဗိုလ်ချင်းပျံ၏ ဆုတ်စစ်များတွင် စစ်တကောင်းနယ်၌ အရောင်ပျောက် နေနိုင်ခြင်း၊
(ဂ) ၁၈၁၁ ခုနှစ်က အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရနှင့် ဗမာအစိုးရတို့၏ ဖြစ်ပေါ်လျှက်ရှိနေသော နယ်စပ်ပြဿနာ (Taknaf Border) တွင် ချင်းပျံအနေဖြင့် ယင်းနယ်စပ်တွင် ခြေကုတ်ရယူပြီး ဗမာနယ်ချဲ့ များကို တိုက်ခိုက်နေသည်ကို သိလျှက်နဲ့ အရှေ့အိန္ဒိယကုမ္ပဏီအစိုးရသည် မေလအထိ ဗိုလ်ချင်းပျံအပေါ် အရေးယူ နှင်ထုတ်မှုမရှိခဲ့ခြင်း၊
(ဃ) အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရသည် ချင်းပျံလှုပ်ရှားမှုအပေါ်တွင် တစ်စုံတစ်ရာ ထိရောက်စွာ အရေးယူမှု မရှိခြင်း၊
(င) အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရပိုင် စစ်တကောင်းနယ်တွင် အမှုထမ်းနေသော ဆရာဝန် Dr. Mack နှင့် ဗိုလ်ချင်းပျံ အဆက်အသွယ်ရှိနေခြင်း၊ ယင်းသို့ အဆက်အသွယ်ရှိနေသည်ဟု ဗမာနယ်ချဲ့အစိုးရက စွပ်စွဲခြင်းမှာ စစ်တကောင်းနယ်ရှိ သင်္ဘောကျင်းတစ်ခုမှ ဗိုလ်ချင်းပျံနှင့်တော်လှန်ရေး ရဲဘော်များသည် သေနတ် အပါအ၀င် လက်နက်ခဲယမ်းမီးကျောက်များကို လုယူသွားသည်ကို Dr. Mack အနေနှင့် တစ်စုံတစ်ရာမှ ထိရောက်စွာ အရေးယူဆောင်ရွက်မှု မရှိသည့် အတွက်ဖြစ်သည်။
သင်္ဘောနှင့်သေနတ်များကို လုယူမှုအပေါ် Dr. Mack အနေဖြင့် မသိကျိုးကျွံပြုနေခြင်းသည် မဖြစ်နိုင်။ ယင်းကြောင့် Dr. Mack အား အပြစ်ပေးရန်အတွက် ဗမာနယ်ချဲ့အစိုးရလက်ထဲသို့ အပ်နှံရမည်ဟု ဗမာ အစိုးရက ရာဇသံထုတ်လာပါသည်။
ယင်းအပြင် နတ်မြစ်အတွင်တွင်ရှိသော အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရ လက်အောက်ခံ ရေတပ်မှ အမြောက်ကြီး တစ်လက်ကို ချင်းပျံနှင့်ရဲဘော်ရဲဘက်များက ခိုးယူသွားသည်ကို သိလျှက်နှင့် လျစ်လျူရှု့ထားခြင်းသည် ချင်းပျံ တော်လှန်ရေးအပေါ် အရှေ့အိန္ဒိယကုမ္ပဏီအစိုးရသည် တဆင့်ခံ အကူအညီပေးသည်ဟု ဗမာအစိုးရက အတိအကျ စွပ်စွဲပြောဆိုလာသည်။
ယင်းသို့သော စွပ်စွဲမှုများ၊ သံသယများရှိနေသဖြင့် ဗမာအစိုးရနှင့် ဆွေးနွေးသည့်အခါ သတိထား၍ ဆွေးနွေးရန် အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရသည် ကော်မရှင်ခေါင်းဆောင် Captain Conning အား ထပ်မံမှာကြားလိုက်သေးသည်။
အင်္ဂလိပ်အစိုးရ သည် ဗိုလ်ချင်းပျံ၏ တော်လှန်ရေးကို အကူအညီပေးခဲ့ကြောင်း W.White ၏ သမိုင်း စာအုပ်တွင် အတိအကျ ရေးသားထားသည်ကို တွေ့ရသည်။ နတ်မြစ်ဝရှိ ရေတပ်မှ အမြောက်ကြီး ပျောက်ဆုံးသွားခြင်းကိစ္စတွင် ဗိုလ်ချင်းပျံနှင့် Dr. Mack တို့ အဆက်အသွယ်ရှိခဲ့သည်ဟုလည်း ရေးသားထားပါသည်။ သို့သော် W.White ၏ ရေးသားချက်များသည် အမှန်တရားနှင့်ဆက်နွယ်မှုမရှိသော လုပ်ဇာတ်ခင်းမှု တစ်ခုသာဖြစ်သည်ဟု အခြား သမိုင်းဆရာများက ဝေဖန်ခဲ့ကြလေသည်။ အဘယ်ကြောင့် ဆိုသော် ဗိုလ်ချင်းပျံနေသော နတ်မြစ်ကမ်းခြေ တလျှောက်တွင် တောတောင်ထူထပ်သည်က တစ်ကြောင်း၊ ဗိုလ်ချင်းပျံ၏ လှုပ်ရှားမှုကို နှိပ်ကွပ်ရန်အတွက် အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရတွင် ထိရောက်သော အင်အား မရှိသည်က တစ်ကြောင်း စသည့်အကြောင်း တို့ကြောင့် ဖြစ်သည်ဟု ကိုးကားဖေါ်ပြပေသည်။
Captain Conning သည် ချင်းပျံတော်လှန်ရေးအပေါ်တွင် အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရအနေဖြင့် အကူအညီ မပေးကြောင်းနှင့် ကြားနေအဖြစ်သာ နေကြောင်းကိုတင်ပြရန် အကြိမ်ကြိမ်ကြိုးစားခဲ့သည်။ Captain Conning နှင့် ဗမာအစိုးရတို့ ဆွေးနွေး ဆုံးဖြတ်ချက်တွင် အရှေ့အိန္ဒိယ ကုမ္ပဏီ အစိုးရအနေဖြင့် ချင်းပျံ တော်လှန်ရေး အတွက် လက်နက်၊ စားနပ်ရိက္ခာကို မိမိအစိုးရ ပိုင်နက် နယ်မြေထဲတွင် မရှာရအောင် တားမြစ်ပေးမည်။ သို့သော် ဗိုလ်ချင်းပျံအား ဖမ်းဆီးပြီး ဗမာအစိုးရ၏လက်ထဲသို့ အပ်နှံရန်မှာ မဖြစ်နိုင်ကြောင်း ငြင်းဆိုခဲ့သည်။ ယင်းငြင်းပယ်ချက် အပေါ်တွင် ဗမာအစိုးရသည် အရှေ့အိန္ဒိယ ကုမ္ပဏီ အစိုးရအပေါ် များစွာမကျေမနပ် ဖြစ်ခဲ့လေသည်။
မိုးရာသီကုန်သွားသည်နှင့် တပြိုက်နက်တည်း ဗမာနယ်ချဲ့အစိုးရသည် ဗိုလ်ချင်းပျံ သိမ်းပိုက် ထားသော နယ်မြေ များကို ပြန်လည်သိမ်းယူရန် ကြိုးစားလာပါသည်။ ဗိုလ်ချင်းပျံနှင့် ဗမာစစ်တပ်တို့၏ မာန်အောင်ကျွန်းတွင် ဖြစ်ပွားသောစစ်ပွဲ၌ ဗိုလ်ချင်းပျံဘက်မှ တပ်သားများနှင့် စစ်သင်္ဘောအမြောက်အများ ကျဆုံး နစ်နာခဲ့သည်။ ဗိုလ်ချင်းပျံသည် ကျန်ရှိသော စစ်သည်အင်းအား၊ စစ်သင်္ဘောအင်အားများနှင့် ပြန်လည် တိုက်ခိုက်ခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ပေ။ မာန်အောင်ကျွန်းသည်လည်း ဗမာနယ်ချဲ့လက်အောက်သို့ ပြန်လည်ရောက်သွားခဲ့သည်။ တဖြည်းဖြည်းနှင့်ပင် ဗမာနယ်ချဲ့သမားများသည် ဗိုလ်ချင်းပျံသိမ်းပိုက်ထားသော နယ်မြေများကို အလုံးအရင်း နှင့် ၀င်ရောက် တိုက်ခိုက်လာသည့် အခါ အင်အားချင်း မမျှသည့် အတွက် ဗိုလ်ချင်းပျံနှင့် တော်လှန်ရေး ရဲဘော် များသည် တဖန်ပြန်၍ စစ်တကောင်းနယ် တောင်တန်းဒေသများတွင် ခိုလှုံလာကြရသည်။
Captain Conning သည် ဗမာအစိုးရအပေါ်တွင် ပေးထားသည့် ချင်းပျံအား အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရပိုင် နယ်မြေထဲမှ တိုက်ထုတ်ပစ်မည့် ဆန္ဒသဘောထားများသည် ပြောင်းလွဲသွားသည်ကို တွေ့ရ၏။ အဘယ် ကြောင့်ဆိုသော် ဗိုလ်ချင်းပျံနှင့် ရဲဘော်ရဲဘက်များကို ဖမ်းဆီးရမိက စစ်တကောင်းတောင်တန်းနယ် တ၀ိုက်တွင် အကွဲကွဲအပြားပြား ဖမ်းဆီးချုပ်နှောင်ထားမည်ဆိုသည့် ဆုံးဖြတ်ချက်များကိုသာ ချမှတ်လာခဲ့သောကြောင့်ဖြစ် သည်။ ယင်းသို့ဆုံးဖြတ်ချက်ကို ဗမာနယ်ချဲ့အစိုးရ သိရှိသွားသော အခါတွင် အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရအား ဆန့်ကျင်တုန့်ပြန်သည့်အနေဖြင့် ချင်းပျံနှင့်တကွ သူ၏ရဲဘော်ရဲဘက်များကို ဗမာအစိုးရလက်ထဲသို့ အပ်နှံ ရမည်ဟူသော အမိန့်ကို ချမှတ်လာခဲ့သည်။ ယင်းနည်းတူ Dr. Mack ကိုလည်း ဗမာအစိုးရလက်ထဲသို့ အပ်နှံ ရန် ရာဇသံ ထပ်ဆင့် ပေးလာသည်။ ဤချမှတ်ထားသောရာဇသံကို အာဏာဖီဆန်ပါက ဗမာစစ်တပ်များသည် စစ်တကောင်းနယ် အတွင်းသို့ ၀င်ရောက် ရလိမ့်မည်ဟု အမိန့်ချမှတ်ခဲ့သည်။ အရှေ့အိန္ဒိယ ကုမ္ပဏီ အစိုးရသည် Dr. Mack ကိုခေါ်ယူ၍ ဗမာအစိုးရ၏ စွပ်စွဲချက်ကို ရှင်းလင်းရန်နှင့် ထုချေ ပေးရန် ပြောလေသည်။ Dr. Mack က ချေပရာတွင် မိမိအနေဖြင့် ဆရာဝန် တစ်ယောက်ဖြစ်ပြီး ရခိုင်ပြည်မှ စစ်ပြေးဒုက္ခသည်များကို ပြုစုရန် တာဝန် ပေးထားခံရသူဖြစ်၍ ပြုစုကူညီခဲ့ကြောင်း၊ ဗိုလ်ချင်းပျံနှင့် သိသည်ဆိုရုံသာ သိကြောင်းနှင့် အခြားအမျိုးမျိုးသော လုပ်ငန်းများအပေါ်တွင် အကြောင်းပြပြီး ဗမာနယ်ချဲ့အစိုးရက စွပ်စွဲချက်များသည် မမှန်ကန်ကြောင်း ပြန်လည် ထုချေတင်ပြခဲ့ပေသည်။ ယင်းသို့ Dr.Mack ၏ထုချေတင်ပြချက်ကို အရှေ့ အိန္ဒိယကုမ္ပဏီ အစိုးရအနေဖြင့် ကျေနပ်မှုရနေပြီး ဗမာနယ်ချဲ့အစိုးရ၏ လိမ်လည်ကြံရွယ် စွပ်စွဲမှု များသာဖြစ်သည်ဟု ဆုံးဖြတ်ချက်များ ချခဲ့ပေ သည်။ ယင်းနောက်ပိုင်းတွင် အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရ ဘုရင်ခံ Lordmimto သည် ရခိုင်စစ်ဘေး ဒုက္ခသည်များ အပေါ်တွင် အဆင့် သုံးဆင့် ခွဲခြားလိုက်သည်။
(က) ချင်းပျံနှင့်တကွ တော်လှန်ရေးခေါင်းဆောင်များ
(ခ) ခေါင်းဆောင်များ၏ ဦးဆောင်မှုကိုခံယူပြီး တော်လှန်သောပြည်သူများ၊
(ဂ) ဗမာနယ်ချဲ့အစိုးရ၏ နှိပ်စက်ညှင်းပမ်းမှုမှ လွတ်မြောက်အောင် တိမ်းရှောင်နေသော ရခိုင်ပြည်သူများဟူ၍ ဖြစ်သည်။
(က) အဆင့်တွင်ပါဝင်သော တော်လှန်ရေးခေါင်းဆောင်များကို Lordmimto သည် ဗမာလက်ထဲ အပ်ရန် သဘော မတူခဲ့ပေ။ (ခ) အဆင့်တွင်ပါဝင်သော တော်လှန်သောပြည်သူများကိုလည်း ဗမာနယ်ချဲ့တို့၏ နှိပ်စက်မှုမှ လွတ်ရန်အတွက် အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရ ပိုင်နက်နယ်မြေထဲတွင် နေထိုင်ခွင့် ပေးခဲ့သည်။ (ဂ) အဆင့်တွင်ပါဝင်သော Refugees များကိုလည်း အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရနယ်မြေထဲ၌ အမြဲတမ်းလုပ်ကိုင် စားသောက်ရန် နေထိုင်ခွင့်ပေးခဲ့သည်။ ဗမာနယ်ချဲ့အစိုးရသည် ရခိုင်စစ်ပြေးဒုက္ခသည်များကို ပြန်လည် တောင်းခံသည်ကို အမျိုးမျိုးစဉ်းစားလျှက် Lordmimto သည် စိတ်အပြောင်းအလဲဖြစ်သည်ဟု သိရှိရသော် လည်း နောက်ဆုံးတွင် ရခိုင်စစ်ပြေးဒုက္ခသည်များကို ဗမာနယ်ချဲ့လက်ထဲသို့ လုံးဝမအပ်နှံခဲ့ပေ။
ချင်းပျံသည် စစ်အောင်မှုမရရှိပဲ အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရပိုင် စစ်တကောင်းနယ်ထဲတွင် ခိုလှုံနေသည်ကို အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရအနေဖြင့် နှင်ထုတ်မှု လုံးဝမရှိခဲ့ပေ။ ၁၈၁၂ ခု ဖေဖေါ်ဝါရီလတွင် Teknaf ရဲဌာနာ သည် ချင်းပျံကို ဖမ်းယူသွားပါသည်။ သို့သော်လည်း ဗိုလ်ချင်းပျံသည် ယင်းဌာနာလက်ထဲမှ ထွက်ပြေးနိုင်ခဲ့ပါ သည်။ ချင်းပျံအပေါ်တွင် အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရ၏ အရေးယူမှုများသည် ထိရောက်မှုမရှိသည့် အတွက် ဗမာနယ်ချဲ့ အစိုးရသည် အရှေ့အိန္ဒိယ ကုမ္ပဏီ အစိုးရအပေါ်တွင် များစွာဒေါသထွက်လျှက်ရှိနေသည်။ ယင်း ကြောင့် ဗမာစစ်သား ၆ ယောက်သည် အရှေ့အိန္ဒိယကုမ္ပဏီအစိုးရပိုင် စစ်တကောင်းနယ်ထဲသို့ ခိုးဝင်လျှက် ရခိုင် တော်လှန်ရေးသမားများကို တိုက်ခိုက်လာသည်။ ယင်းအကြောင်းကြောင့် ၁၇၉၄ ခုနှစ်တွင် ဖြစ်ပွားခဲ့သော နယ်မြေ ကျူးကျော်မှု ပြဿနာသည် ယခုတဖန် ပြန်လည်ပေါ်ပေါက်လာခဲ့ပြန်သည်။ ဗမာအစိုးရသည် နယ်စပ် ဒေသတလျှောက်တွင် စစ်တပ်များ ချထားကြောင်းကို သိထားယုံကြည်သော အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရသည် ဒက္ကားမြို့မှ အမှတ် ၁၂ ကြေးတပ် ၂ တပ်ကို Teknaf နယ်စပ်မှာ ချထားလိုက်သည်။ ယင်းအချိန်တွင် အရှေ့ အိန္ဒိယကုမ္ပဏီအစိုးရ၏ ထောက်လှမ်းရေးသတင်းပို့သူ ချွိုက်ရော့ဒ် အဟာမွတ် ဘာဒါဒီသည် ဗမာအစိုးရ၏ သတင်းကို ပို့ရန်လာစဉ် ရခိုင်ပြည်တွင် အဖမ်းခံခဲ့ရသည်။ ချွိုက်၏ ပြောပြချက်အရ Dr.Mac နှင့် ရခိုင်စစ် ပြေးဒုက္ခသည်များကို ဗမာနယ်ချဲ့အစိုးရထံ အပ်နှံရန်တောင်းဆိုချက်အရ ဗမာစစ်သားများကို နယ်စပ်တ လျှောက်ချထားကြောင်း သိရသည်။ အကယ်၍ မလွဲအပ်ပါက ဗမာတပ်များသည် Teknaf မှ Dhaka သို့ ချီတက်ရလိမ့်မည်။ ထိုမှတစ်ဆင့် Calacutta သို့ထိ စစ်ချီမည်။ ဗမာနယ်ချဲ့ဘက်မှ စစ်ရေးအကူအညီပေးရန် ပြင်သစ်အစိုးရသည် အဆင်သင့်ရှိကြောင်းကိုလည်း ဗမာအစိုးရမှ ပြောကြားကြောင်း သိရသည်။
ဗမာအစိုးရအနေဖြင့် Dr. Mac အပါအ၀င် ရခိုင်စစ်ပြေးဒုက္ခသည်များနှင့် ချွိုက်ကို ဖလှယ်ရန် အတွက် ဓါးစာခံ ဖမ်းထားခဲ့ သော်လည်း အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရထံသို့ စာနှစ်စောင်ကို ပေးပို့မည့်သူ မရှိသည့် အတွက် ချွိုက်ကို စေ လွှတ်ခိုင်းခြင်းဖြင့် ချွိုက်သည် ဗမာအစိုးရလက်ထဲက လွတ်လာခဲ့သည်။ ယင်းစာနှစ်စောင်တွင် အရှေ့အိန္ဒိယ ကုမ္ပဏီအစိုးရနှင့် စစ်မက်ဖြစ်ပွားမည်ဆိုပါက ဗမာစစ်တပ်ဘက်မှ ပြင်သစ်အစိုးရသည် စစ်ကူပေးရန်အဆင် သင့်ရှိကြောင်း၊ နယ်စပ်တလျှောက်မှာလည်း စစ်တပ်အမြောက်အများ ချထားကြောင်း ပါရှိသည်။ သို့သော် လည်း အရှေ့အိန္ဒိယကုမ္ပဏီအစိုးရအနေဖြင့် ယင်းစာများတွင် ပါသော အကြောင်း အရာများသည် ဗမာများ၏ လိမ်လည်ခြောက်လှန့်မှုများသာ ဖြစ်သည်ဟု သဘောပေါက်နားလည်ပြီးသား ဖြစ်နေပါတော့သည်။
ဤသို့အခြေအနေတွင် အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရသည် ဗိုလ်ချင်းပျံကို ဖမ်းဆီးလျှက် ဗိုလ်ချင်းပျံ၏ တော် လှန်ရေးကို ရပ်စဲပစ်ရန် ကြိုးစားပါသည်။ ဗိုလ်မှူး တွက်မက်မော်လင်းသည် ရော်နာပူလောင် အရပ်၏ အရှေ့ မြောက်ဘက်သို့ စစ်ဆင်ရေး ထွက်ပြီးလျှင် ဗိုလ်ချင်းပျံနှင့် တော်လှန်ရေး ခေါင်းဆောင်များ၏ မိသားစု ၂၈ ယောက်ကို ဖမ်းဆီးခဲ့ပေသည်။
ဗိုလ်မှူးကြီးမော်ဂင်သည် တော်လှန်ရေးသမားများ၏မိသားစုများကို ဖမ်းဆီးခြင်းအားဖြင့် ခေါင်းဆောင်များကို ဖမ်းဆီးရလိမ့်မည်ဟု ထင်ခဲ့သည်။ မော်ဂင်ထင်မြင်လုပ်ဆောင်ချက်များသည် အထင်နှင့်အမြင် အားလုံးကုန်စင် အောင် လွဲမှားကြောင်းကို အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရသည် နောက်မှ သိလာခဲ့သည်။ အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရသည် ဖမ်းဆီးရမိထားသော မိသားစု (၂၈)ယောက်ကို ဗမာနယ်ချဲ့လက်ထဲသို့ မအပ်နှံခဲ့ပါ။ ယင်းသို့ မအပ်နှံသည့်အတွက် ဗမာနယ်ချဲ့အစိုးရသည် မိမိတို့အား တိုက်ခိုက်လာလိမ့်မည်ဟု ထင်မြင်သုံးသပ်ခဲ့သည်။ ယင်းအပြင် ဖမ်းဆီးရမိပြီးဖြစ်သော မိသားစု ၂၈ ယောက်ကိုလည်း လွတ်ပစ်ပါက ဗမာနယ်ချဲ့အစိုးရသည် မိမိ အစိုးရအပေါ် တင်ရှိသောသံသယများ ပိုမိုကြီးထွားလာနိုင်သည်ဟု သုံးသပ်ပြီး ယင်းမိသားစုများကို စစ်တ ကောင်းမှတစ်ဆင့် ဒက္ကားမြို့သို့ယူဆောင်သွားခဲ့သည်။ စစ်တကောင်းမှ တရာသူကြီး P.W ပိရှ်လ်သည် ချင်းပျံနှင့် အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရတို့ ဆက်သွယ်မှုမရှိကြောင်းကို ရခိုင်ပြည်အား အုပ်ချုပ်နေသော ဗမာ နယ်ချဲ့ စစ်ဗိုလ်ချုပ် သိစေရန် စကားပြန် တိတ်လော့မှ တစ်ဆင့် ပြန်ကြားလိုက်သည်။ ယင်းပြန်ကြားလွှာတွင် ချင်းပျံကို ဖမ်းဆီးရန်အတွက် ၀ရမ်း ထုတ်ထားပြီဖြစ်ကြောင်း၊ သို့သော်လည်း ချင်းပျံကို ဖမ်းဆီးရမိက ဗမာ အစိုးရထံသို့ ပို့မည်မပို့မည်ကို အထက်အရာရှိပိုင်း၏ သဘောထားကို လိုက်နာရမည်ဟု ပါရှိသည်။ General Lordmimto ကလည်း တရားသူကြီး P.W ပိရှ်လ်၏သတင်းပေးချက်ကို သဘောတူလက်ခံ အတည်ပြုခဲ့သည်။ General Lordmimto ကပင် ဗိုလ်ချင်းပျံကို ဖမ်းဆီးရမိပါက အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရ၏ အထက်ပိုင်း အရာရှိများ၏ သဘောထားကို ကြည့်ရမည်ဟု လှည့်ပတ်ပြောဆိုခဲ့သည်။ မိမိ၏ပြောဆိုချက်များကို ဗမာ နယ်ချဲ့အစိုးရအနေဖြင့် ချင်းပျံကို ဖမ်းဆီးရမိပါက သူတို့လက်ထဲသို့ အပ်လာလိမ့်မည်ဟု ထင်မြင်နေမှာ သေချာကြောင်းကိုလည်း ပြောခဲ့ပေသည်။
ဗိုလ်ချင်းပျံ၏မိသားစုကို ဖမ်းဆီးမိပြီးနောက် ချင်းပျံကို ထပ်မံဖမ်းမည်ဆိုသော ဗိုလ်မှူးကြီးမော်ဂင်၏အစီအစဉ် သည် အထမမြောက်ခဲ့ပေ။ ၁၈၁၂ ခုဖေဖေါ်ဝါရီလကုန်ပိုင်း နတ်မြစ်အရှေ့ဘက်ကမ်းတွင် ဗမာနယ်ချဲ့အစိုးရ၏ စစ်သင်္ဘောများနှင့် စစ်သည်တော်အင်အား အမြောက်အများချထားသဖြင့် ဗမာနယ်ချဲ့အစိုးရနှင့် အရှေ့အိန္ဒိယ ကုမ္ပဏီ အစိုးရတို့သည် ရန်စောင်မှုများ တဖြည်းဖြည်းတင်းမာလာခဲ့ကြသည်။ နယ်စပ်ပြဿနာ ပိုမိုတင်းမာလာ သည့်အတွက် အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရမှပို့ထားသော ကော်မရှင်အဖွဲ့ အတွက် စိုးရိမ်ကြောင့်ကြ စဉ်းစား ရမည့်အခြေအနေသို့ ရောက်လာပြန်သည်။ ဗမာနယ်ချဲ့အစိုးရနှင့် ဤကဲ့သို့ စစ်သည်အင်အားများ နယ်စပ် တွင် ပိုမိုချထားသည်ကို အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရအနေဖြင့် သုံးသပ်ကြည့်သောအခါ အဖြေ ၂ ခုထွက်လာ ပါသည်။
၁။ အကယ်၍ ဒက္ကားနှင့် ကာလကတ္တားသို့သာ ဗမာတပ်များကျူးကျော်လာသည်ရှိက ဗမာနှင့် အင်္ဂလိပ် အစိုးရတို့ စစ်ဖြစ်ရန် အခြေအနေရှိသည်။
၂။ ဗိုလ်ချင်းပျံနှင့် တော်လှန်ရေးသမားများကိုသာ ဗမာနယ်ချဲ့အစိုးရလက်ထဲသို့ မအပ်နှံခဲ့လျှင် Captain Conning ခေါင်းဆောင်သော ကော်မရှင် အဖွဲ့သည် အလိုအလျှောက် ဓါးစာခံဘ၀သို့ ကျရောက်နိုင်သည်ဟု သုံးသပ်ခဲ့ကြ၏။ ယင်းကြောင့် အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရသည် ကော်မရှင်အဖွဲ့နှင့်တကွ ရန်ကုန်မြို့တွင်ရှိနေ သော အင်္ဂလိပ်လူမျိုးများ၏ လုံခြုံရေးအတွက် မိမိအစိုးရပိုင် အင်ပွိုင်နာနှင့် မာလာဘာအမည်ရှိ သင်္ဘောနှစ်စီး ကို ရန်ကုန်သို့ စေလွှတ်လိုက်သည်။ တချိန်တည်းမှာပင် အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရသည် စစ်တကောင်း နယ်၌ စစ်သင်္ဘောများနှင့် စစ်သည်အင်အားကို ထပ်လောင်းဖြည့်စွက် နေရာချထားလိုက်သည်။ သို့သော်လည်း ဗမာနယ်ချဲ့အစိုးရနှင့် ပဋိပက္ခမဖြစ်ရအောင် ကြိုးစားလျှက်ရှိသည်။
ဗမာစစ်သားများသည် အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရ၏ စစ်သားများကို စတင်ကျူးကျော် ပစ်ခတ်ခဲ့သည်။ ထိုအခါ ဗိုလ်မှူးမော်ဂင်က ဤသို့ ပစ်ခတ်ရခြင်း ဇစ်မြစ်အကြောင်းတရားကို ဗမာအစိုးရထံ တောင်းဆိုခဲ့သည်။ ယင်းတောင်ခံချက် အပေါ် ဗမာစစ်ဗိုလ်ချုပ်က ဤသို့ပစ်ခတ်သည်ကို မိမိအနေနဲ့ မသိ ကြောင်း၊ ဤသို့ ဖြစ်ရသည့် အတွက် များစွာယူကျုံးမရဖြစ်မိကြောင်း ပြောဆိုပြန်ကြားခဲ့သည်။ အရှေ့အိန္ဒိယ ကုမ္ပဏီ အစိုးရ အနေဖြင့် ဗိုလ်ချင်းပျံကိုဖမ်းဆီးရန် ကြိုးစားနေသည်ဟူသော တင်ပြချက်ကိုမူ ဗမာနယ်ချဲ့အစိုး ရသည် ကျေနပ်မှု မရှိခဲ့ပေ။ ဆွေးနွေးနေစဉ်အတွင်းမှာပင် ဗမာနယ်ချဲ့အစိုးရသည် နယ်စပ်၌ စစ်သည်အင်အား အပြည့် ချထားလျှက်ရှိသည်ကို တွေ့ရသည်။ ယင်းသို့ပြင်ဆင်ခြင်းနှင့် တပြိုင်နက်တည်းမှာပင် ဗမာနယ်ချဲ့အစိုး ရသည် အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရ၏စစ်အင်အားကို သိရှိနိုင်ရန် သူလျှိုများကို စေလွှတ် ပေးပို့လိုက်ကြောင်း ကို ဗြိတိသျှတို့ သတင်းရလေသည်။ သို့အတွက် နယ်စပ် ပြဿနာ ပြေလည်ရေး အတွက် ဆွေးနွေးရန် အရှေ့အိန္ဒိယကုမ္ပဏီ က စီစဉ်ခဲ့လေသည်။ သို့သော်လည်း ဆွေးနွေးနေစဉ်အတွင်း အပစ်အခတ် ရပ်စဲ လျှက်ရှိသဖြင့် ဗမာစစ်သားများသည် အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရ ပိုင်နယ်မြေထဲသို့ ၀င်ရောက် နိုင်သည်ဟု အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရက ခန့်မှန်းထားသည်။ အဘယ်ကြောင့် ဆိုသော် ၁၈၁၂ ခုနှစ် မတ်လတွင် ဗမာစစ်သားများသည် အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရပိုင် နယ်စပ်ထဲသို့ ချင်းနှင်း ၀င်ရောက်လာသဖြင့် အင်္ဂလိပ်အစိုးရနှင့် တိုက်ပွဲတစ်ခုဖြစ်ပွားပြီး ဗမာစစ်သားနှစ်ဦးကို အရှင်ဖမ်းဆီးရ မိခဲ့သည်။ ဤဖြစ်ရပ် အကြောင်းကို ဗမာစစ်ဗိုလ်ချုပ်က Teknaf တွင်ရှိသော Commanding officer ထံသို့ ပြောဆိုသည်မှာ “ ဤသို့ဖြစ်ရခြင်းသည် မိမိထံတစ်စုံတစ်ရာသော အခွင့်မရရှိဘဲ ၀င်ရောက်ကြောင်းနှင့် ယင်းဗမာ စစ်သားနှစ်ဦးအား မိမိတို့က ပြစ်ဒဏ် အဖြစ် သေဒဏ်ချရန် စီစဉ်ထားသဖြင့် ပြန်လည် ပေးပို့ရန် ပြောကြား လာသည်။ မည်သို့ပင်ပြောပြော ယင်းတိုက်ပွဲမှာ ဗမာစစ်ဗိုလ်ချုပ်၏ အစီအစဉ်တစ်ရပ်ဖြစ်ရမည်ဟု အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရအနေဖြင့် သံသယဖြစ်ခဲ့သည်။ ယင်းတိုက်ပွဲငယ်ပြီးသည့်နောက်ပိုင်းတွင်လည်း တိုက်ပွဲငယ်များ မကြာမကြာ ဖြစ်ပွားခဲ့ပြီး နယ်စပ် အခြေအနေသည် တစ တစတင်းမာ လာခဲ့သည်။
ထိုသို့ အရှေ့အိန္ဒိယကုမ္ပဏီ အစိုးရနှင့် ဗမာနယ်ချဲ့ စစ်တပ်တို့အကြား နယ်စပ် ပြဿနာများ ပြေလည် မသွားဘဲ တစ တစ ကြီးထွားလာနေချိန်တွင် ရခိုင်တော်လှန်ရေး ခေါင်းဆောင် ဗိုလ်ချင်းပျံသည် ကောဇာ သက္ကရာဇ် ၁၁၇၇ ခုနှစ်၊ ခရစ် သက္ကရာဇ် ၁၈၁၅ ခုနှစ် ဇန္န၀ါရီလ ၂၅ ရက်နေ့တွင် ၎င်းပုန်းအောင်းနေရာ ပင်းဝါ ချောင်းဖျား တောင်တန်း တနေရာတွင် ငှက်ဖျား ရောဂါဖြင့် ကွယ်လွန် အနိစ္စရောက်သွားခဲ့လေသည်။ ဗိုလ်ချင်းပျံ ကွယ်လွန်ပြီး နောက်ပိုင်းတွင် ရခိုင်ပြည် လွတ်လပ်ရေး တိုက်ပွဲသည်လည်း ခေတ္တခဏမျှ ငြိမ်သက် သွားခဲ့သော်လည်း နောက်ကျန် ရခိုင် တော်လှန်ရေး ခေါင်းဆောင်များ၏ ဗမာ ပဒေသရာဇ် နယ်ချဲ့များ အပေါ် ဆန့်ကျင် တော်လှန် တိုက်ခိုက်မူများကြောင့် နယ်စပ် ပြဿနာမှာ ပိုမို တင်းမာလာခဲ့ပြီး အင်္ဂလိပ်- မြန်မာ ပထမ စစ်ပွဲ ဖြစ်ပွားခဲ့ရသော အဆင့်ထိ ရောက်ရှိခဲ့ရလေသည်။ (ပြီး)
---------------------------------------------
( ကိုဦးရှင်နှင့် ကိုအောင်ကျော်သိန်းတို့ ဘာသာပြန်သော ဆောင်းပါးမှာ ပျောက်ကွယ်နေသဖြင့် မူရင်း ခေါင်းစဉ်ကို ဖေါ်ပြပေးနိုင်ခြင်း မရှိပါ။)